International News

အိန္ဒိယဗဟိုဘဏ်(Reserve Bank of India)သည် ရုရှားဘဏ်များ၏ အကောင့်ဖွင့်လှစ်ရန် လျှောက်လွှာ ၃၄ ခုကို ခွင့်ပြုခဲ့

Last Updated:

2023 ခုနှစ် ဇူလိုင်လ 2 ရက်နေ့အထိ အချက်အလက်များအရ အိန္ဒိယဗဟိုဘဏ်(Reserve Bank of India – RBI)သည်  ရုရှားဘဏ်များမှ အိန္ဒိယကူးသန်းရောင်းဝယ်ရေးဘဏ် 14 ခုတွင် အထူး Rupee Vostro အကောင့်ဖွင့်ရန်အတွက် လျှောက်လွှာ ၃၄ ခုကို ခွင့်ပြုပေးခဲ့ပါကြောင်း၊  ထို့အပြင် ကုန်သွယ်မှုဆိုင်ရာပြဿနာများကို ဖြေရှင်းရန်အတွက် ကုန်သည်များ၊ ဘဏ်များနှင့် အခြားသောသက်ဆိုင်သူများ နှင့် တွေ့ဆုံမှုများစွာပြုလုပ်လျက်ရှိသည်ဟု အိန္ဒိယအစိုးရက လွှတ်တော်သို့ ပြောကြားချက်များအရ သိရှိရကြောင်း The Economic Times သတင်းစာတွင် ဖော်ပြထားပါသည်။

ကူးသန်းရောင်းဝယ်ရေးနှင့်စက်မှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး Anupriya Patel က လွှတ်တော်သို့ စာရေးသားဖြေကြားချက်များတွင် သင်္ဘောနှင့်ထောက်ပံ့ပို့ဆောင်ရေးကုမ္ပဏီများသည် ရုရှားနိုင်ငံမှ ကုန်ပစ္စည်းများကို ဝန်ဆောင်မှုမပေးခြင်း၊ ဘဏ်များအကြားဆက်သွယ်သည့်စနစ် SWIFT နှင့် ချိတ်ဆက်မှုပြတ်တောက်ခြင်း၊ အာမခံနှင့်ပြန်လည်အာမခံအကျုံးဝင်မှုဆိုင်ရာပြဿနာများအပါအဝင် ရုရှားဘဏ်ကြီးများအပေါ် ပိတ်ဆို့အရေးယူမှုများကြောင့် အိန္ဒိယနှင့် ရုရှားကုန်သွယ်မှုအပေါ် ထိခိုက်စေခဲ့ပါကြောင်းနှင့် အိန္ဒိယအစိုးရသည် နိုင်ငံသုံးငွေကြေးဖြင့် ငွေပေးချေမှု၊ နိုင်ငံတကာတောင်မြောက်သယ်ယူပို့ဆောင်ရေးစင်္ကြံ(International North South Transport Corridor) နှင့် အရှေ့ပိုင်းပင်လယ် ရေကြောင်းစင်္ကြံ (Easten Maritine Corridor-Chennai-Vladivostok) အပါအဝင် ရုရှားနိုင်ငံသို့ ပို့ကုန်များတိုးမြှင့်တင်ပို့နိုင်ရန် ခြေလှမ်းများစွာကိုလုပ်ဆောင်ခဲ့သည်ဟု ပါရှိကြောင်းလည်း The Economic Times သတင်းစာတွင် ဖော်ပြထားချက်များအရ သိရှိရပါသည်။

Source : RBI nod to 34 applications from Russian Banks to open accounts : Govt to Parl.

(မျိုးမြင့်မောင်၊ စီးပွားရေးသံမှူး၊ နယူးဒေလီမြို့)

Category: International News